arrow-small-left Created with Sketch. arrow-small-right Created with Sketch. Carat Left arrow Created with Sketch. check Created with Sketch. circle carat down circle-down Created with Sketch. circle-up Created with Sketch. clock Created with Sketch. difficulty Created with Sketch. download Created with Sketch. email email Created with Sketch. facebook logo-facebook Created with Sketch. logo-instagram Created with Sketch. logo-linkedin Created with Sketch. linkround Created with Sketch. minus plus preptime Created with Sketch. print Created with Sketch. Created with Sketch. logo-soundcloud Created with Sketch. twitter logo-twitter Created with Sketch. logo-youtube Created with Sketch.

Periods factsheet (Burmese) - ရာသီလာခြင်း

ရာသီလာခြင်းဆိုသည်မှာ လစဉ် မိန်းမကိုယ်မှသွေးဆင်းခြင်း ဖြစ်သည်။ ရာသီလာခြင်းသည် သင့်ခန္ဓာကိုယ်၏ ဓမ္မတာစက်ဝန်းမှ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည်။

ရာသီလာခြင်းဆိုသည်မှာ အဘယ်နည်း။

ရာသီလာခြင်းဆိုသည်မှာ လစဉ် မိန်းမကိုယ်မှသွေးဆင်းခြင်း ဖြစ်သည်။ ရာသီလာခြင်းသည် သင့်ခန္ဓာကိုယ်၏ ဓမ္မတာစက်ဝန်းမှ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည်။ သင့်ဓမ္မတာစက်ဝန်းသည် ကိုယ်ဝန်ရနိုင်ရန်အတွက် သင့်ခန္ဓာကိုယ်ကို ပြင်ဆင်ပေးပါသည်။ သင်ကိုယ်ဝန်မရပါက ဟော်မုန်းများသည် သားအိမ်အတွင်းလွှာများ ကွာကျစေပြီး သင့်မိန်းမကိုယ်မှတစ်ဆင့် အပြင်သို့ စီးဆင်းစေပါသည်။ ထိုသို့စီးဆင်းခြင်းသည် ရာသီလာခြင်း၏အစ ဖြစ်ပါသည်။

မည်သည့်အချိန်တွင် ရာသီလာခြင်း စတင်ပါသနည်း။

ဩစတေးလျနိုင်ငံတွင် ပထမဆုံးရာသီလာသည့် ပျမ်းမျှအသက်မှာ ၁၂ နှစ်၊ ၁၃ နှစ် ဖြစ်သော်လည်း၊ ကိုးနှစ်တွင် စောလာနိုင်သလို ၁၆ နှစ်မှ နောက်ကျလာနိုင်ပါသည်။ အသက် ၁၆ နှစ်၊ ၁၇ နှစ်ရောက်သည့်တိုင် ရာသီမလာပါက ဆရာဝန်နှင့်ပြသပါ။

ရာသီလာခြင်း မည်သည့်အချိန်တွင် ပြီးဆုံးမည်နည်း။

နောက်ဆုံးရာသီလာခြင်းကို 'သွေးဆုံးခြင်း'ဟု ခေါ်သည်။ သြစတြေးလျနိုင်ငံတွင် သွေးဆုံးခြင်းသည် ပျမ်းမျှအသက် ၅၁ နှစ်၊ ၅၂ နှစ် ဖြစ်သော်လည်း အသက် ၆၀ နှစ်အထိ ‌‌နောက်ကျနိုင်ပါသည်။

သာမန်ဓမ္မတာစက်ဝန်းက မည်မျှကြာမည်နည်း။

ဓမ္မတာစက်ဝန်းကို ရာသီလာသည့်ပထမနေ့မှ နောက်ရာသီမလာမီ တစ်ရက်အလိုအထိဟုသတ်မှတ်ပါသည်။ လူတစ်ဦးစီ၏ ဓမ္မတာစက်ဝန်းက မတူညီပါ။ ဓမ္မတာစက်ဝန်း၏ပျမ်းမျှကြာချိန်သည် ၂၈ ရက် ဖြစ်ပါသည်။

ရာသီလာချိန်တွင် ကြိုတင်ခန့်မှန်းချက်

ရာသီလာချိန်သည် သုံးရက်မှ ခုနစ်ရက်အထိ ကြာမြင့်နိုင်သည်။ လူအများစုသည် ရာသီလာချိန်တွင် သွေး ၈၀ မီလီမီတာထက်နည်း၍ သွေးဆင်းနိုင်သည်။ သွေးဆင်းရာတွင် အနည်းငယ်မှ များစွာ ဆင်းနိုင်သည်။ သင်၏ရာသီသွေးသည် ပထမသုံးရက်တွင် များများဆင်းနိုင်ပြီးနောက် နည်းသွားကာ ပြီးဆုံးသွားနိုင်သည်။

သင့်ရာသီသွေးအရောင်သည် နီညိုရောင်မှ ကြက်သွေးရောင်သို့ ပြောင်းလဲနိုင်သည်။

သွေးခဲအချို့သည် ပုံမှန်ဖြစ်သော်လည်း ပြားငါးဆယ်စေ့ထက်ကြီးသည်ကို သတိပြုမိပါက ဆရာဝန်နှင့် ဆွေးနွေးပါ။

ရာသီသွေးသည် အနံ့တစ်မျိုးရှိသည်မှာ ပုံမှန်ဖြစ်သည်။ ထိုအနံ့အတွက် စိတ်ပူပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

မည်သည်တို့က ရာသီလာခြင်းအပေါ် အကျိုးသက်ရောက်နိုင်သနည်း။

ဆေးဝါးများ၊ ရောဂါ၊ ဟော်မုန်းများ၊ ဟော်မုန်းကုထုံး၊ စိတ်သောက၊ လေ့ကျင့်ခန်း၊ အစားအသောက်နှင့် ကိုယ်အလေးချိန်အပါအဝင် အကြောင်းရင်းများစွာသည် ရာသီလာခြင်းအပေါ် အကျိုးသက်ရောက်နိုင်သည်။

ရာသီလာချိန်သုံး အကောင်းဆုံးပစ္စည်းမှာ မည်သည်နည်း။

သွေးထိန်းဂွမ်းတောင့်၊ သွေးခံအဖတ်၊ ရာသီချိန်သုံးအတွင်းခံဘောင်းဘီ၊ ရာသီသွေးခံခွက်နှင့် ရာသီသွေးခံပြား အပါအဝင် ရာသီချိန်သုံးပစ္စည်းများစွာ ရှိပါသည်။ သင်နှစ်သက်ရာပစ္စည်းများကို မတွေ့မီ ပစ္စည်းအနည်းငယ်အား စမ်းသုံးရန် လိုအပ်ပါသည်။

ရာသီမလာမီ လက္ခဏာများ (Premenstrual syndrome (PMS))

ရာသီမလာမီ လူအများအပြားသည် စိတ်ခံစားမှုနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လက္ခဏာများ ခံစားရတတ်ပါသည်။ ၎င်းကို 'PMS' ဟု ခေါ်ပါသည်။ အဖြစ်များသော လက္ခဏာများတွင် ဗိုက်အောင့်ခြင်း၊ စိတ်တိုခြင်း၊ ဖောရောင်ခြင်း၊ ဝက်ခြံထွက်ခြင်းနှင့် နွမ်းနယ်ခြင်းတို့ ပါဝင်သည်။

လူအများစုတွင် လွယ်ကူစွာ ထိန်းနိုင်သော လက္ခဏာတစ်ခု သို့မဟုတ် နှစ်ခု ရှိကြပါသည်။ ရာသီစလာပြီးနောက် လက္ခဏာများ ရပ်သွားလေ့ ရှိပါသည်။

ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ခြင်း၊ လှုပ်လှုပ်ရှားရှားနေထိုင်ခြင်း၊ အကြောဖြေလျှော့နည်းများပြုလုပ်ခြင်း၊ အိပ်ရေးဝဝအိပ်စက်ခြင်းနှင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးသောက်ခြင်းအပါအဝင် PMS ရောဂါလက္ခဏာများ ထိန်းချုပ်ရန်နည်းများစွာ ရှိပါသည်။

ရာသီလာချိန်ကိုက်ခဲခြင်း

သားအိမ်ကြွက်သားများ ‌တောင့်တင်း (ညှစ်)သောအခါ ရာသီလာချိန်ကိုက်ခဲခြင်း ဖြစ်ပါသည်။ ကိုက်ခဲခြင်းတွင် ဆီးစပ်နောက်အောင့်ခြင်းနှင့် ဆွဲဆုပ်ထားခြင်းတို့အပြင် ကျောအောက်ပိုင်း၊ ဝမ်းဗိုက် သို့မဟုတ် ခြေထောက်ကိုက်ခဲခြင်းတို့ ပါဝင်နိုင်သည်။ ရာသီလာချိန်ကိုက်ခဲခြင်းသည် အောက်ပါအတိုင်းဖြစ်ပါက ပုံမှန်ဖြစ်သည် -

  • ရာသီလာချိန်ကိုက်ခဲခြင်းသည် ရာသီလာချိန် ပထမနှစ်ရက်တွင် ဖြစ်ပါက
  • ရာသီလာချိန်ကိုက်ခဲခြင်းသည် အကိုက်အခဲပျောက်ဆေးသောက်သောအခါ သို့မဟုတ် ရေနွေးအိတ်၊ ရေခဲအိတ်များကပ်သောအခါ ပျောက်သွားပါက
  • သင့်နေ့စဉ်လှုပ်ရှားမှုကို မထိခိုက်ပါက။

ရာသီသွေးဆင်းများခြင်းကို မည်သို့သိနိုင်သနည်း။

ရာသီသွေးဆင်းများခြင်း (ဓမ္မတာများခြင်း)သည် ရာသီလာချိန်တိုင်း သွေးများစွာဆင်းခြင်းဖြစ်သည်။ ရာသီလာချိန်သုံးပစ္စည်းကို နှစ်နာရီတိုင်း သို့မဟုတ် နှစ်နာရီထက်နည်း၍ လဲရန် လိုအပ်ပါက၊ ပြားငါးဆယ်စေ့ထက်ကြီးသောသွေးခဲများကို သတိထားမိပါက သို့မဟုတ် ရာသီလာချိန် ရှစ်ရက်ထက်ပိုကြာပါက ရာသီသွေးဆင်းများခြင်း ဖြစ်နိုင်ပါသည်။

ရာသီသွေးဆင်းများပြီး ဗိုက်အောင့်ခြင်းနှင့် နွမ်းနယ်ခြင်းကဲ့သို့သော လက္ခဏာများက သင့်နေ့စဉ်လှုပ်ရှားမှုကို ထိခိုက်စေပါက ဆရာဝန်နှင့် ပြသရန် အရေးကြီးပါသည်။

ဆရာဝန်နှင့် ပြသရမည့်အချိန်

သင့်ရာသီလာခြင်းနှင့်ပတ်သက်၍ စိတ်ပူပါက ဆရာဝန်နှင့် ပြသပါ။ ဥပမာအနေဖြင့် အကယ်၍-

  • သင့်ရာသီလာချိန်များသည် ဖြစ်နေကျအတိုင်း မဖြစ်ပါက (ဆိုလိုသည်မှာ ရာသီလာချိန်များသည် ဖြစ်နေကျထက် နောက်ကျ၍ သို့မဟုတ် စော၍ သို့မဟုတ် မြန်၍ သို့မဟုတ် ကြာ၍ ဖြစ်သည်)
  • ရာသီ လုံးဝ မလာပါက
  • ရာသီလာသည်အထိ စိတ်ခံစားမှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ‌ ဝေဒနာများ ပြင်းပြင်းထန်ထန် ခံစားရပါက
  • လက္ခဏာများက သင့်လှုပ်ရှားနေထိုင်မှုအရည်အသွေးကို ထိခိုက်စေပါက။

နောက်ထပ်အချက်အလက်များ၊ ရင်းမြစ်များနှင့် ကိုးကားချက်များအတွက် Jean Hailes ရာသီသွေးဆင်းခြင်း ဝဘ်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုပါ။